၁၂ ပေထိ လှိုင်းကြီးနိုင်ကြောင်း ဆိုင်ကလုန်းမုန်တိုင်းသတင်း ထပ်မံထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ယနေ့နံနက်ပိုင်းမှာ မုန်တိုင်းအရေးကြီးသတင်းထုတ်ပြန်ခဲ့တာ ပရိသတ်ကြီးတို့လည်း ဖတ်မိမှာပါ…

ယခု မွန်းလွဲ ၂ နာရီအချိန်မှာတော့ မုန်တိုင်းသတင်းနဲ့ ပတ်သက်ပြီး ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်…. နောက်ထပ် ထုတ်ပြန်လိုက်တဲ့ သတင်းအရ ယနေ့ကစလို့ နောက် ၄၈ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး

လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေကနေ (၁၂)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်…. မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အပြည့်အစုံကိုတော့ ပရိသတ်ကြီးတို့ သိရှိနိုင်ဖို့ အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်…

“ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၁၉) (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်) (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ……………. (၁) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘာဘ်ဘယ်”(BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊

အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ် မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၃၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀) မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း (၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) သည် မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းဖြစ်ပါသည်။

(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်………… (၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)သည် နောက်(၁၈)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်………… (၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက်(၄၈)နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင် ပါသည်။

အကြံပြုချက်…………….. ၁။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်”(BULBUL)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

” မိုးလေဝသကို ကြည့်ပြီး အလုပ်လုပ်နေရတဲ့ ပရိသတ်ကြီးတို့လည်း ဒီသတင်းလေးဖတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာကြနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်…

Source : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Add a Comment

Your email address will not be published. Required fields are marked *